မြိတ်မြို့အကြောင်း သိကောင်းစရာ
________________________
မြိတ်မြို့သည် မြန်မာနိုင်တောင်ပိုင်းဒေသ
တနင်္သာရီတိုင်းဒေသကြီး၏ အလယ်ချက်ဗဟိုတွင်ရှိသော
တိုင်းစီးပွားရေးမြို့တော်ဖြစ်သည်။
ပင်လယ်ရေပတ်ကာဝိုင်းထားသော ကျွန်းမြို့တစ်မြို့ဖြစ်ပြီး
ပင်လယ်ရေမျက်နှာပြင်အထက်
၁၅မီတာ( ၄၉ပေ )ခန့်သာမြင့်သည်။
အမည်နာမများ
---------------
မြိတ်တွင် အမည်နာမအမျိုးမျိုးရှိသည်။
ရေးသည့်အခါ "မြိတ်"ဟုရေး၍ "ဘိတ်"ဟုအသံထွက်သည်။
ပုလဲထုတ်လုပ်ရေးလုပ်ငန်းများရှိသဖြင့်
ပုလဲမြို့တော်ဟုလည်းတင်စားကြသည်။
အင်္ဂလိပ်အမည်နာမမှာ မာဂွီ(mergui)ဖြစ်ပြီး ရခိုင်သံကို
ယူထားခြင်းဖြစ်သည်။
မြိတ်မြို့ကို ရှေးအခါက မြန်မာနှင့်ထိုင်းတို့က
တစ်လှည့်စီပိုင်ဆိုင်ခဲ့ပြီး ထိုအခါက
"မာရိတ်"(မြင်းချည်တိုင်)ဟုအမည်တွင်ခဲ့သည်။
ကုန်းဘောင်ခေတ်ရောက်သောအခါ အလောင်းမင်းတရားက
ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီး မြန်မာ့ပိုင်နက်နယ်မြေအဖြစ်
အပြီးတိုင်သတ်မှတ်ကာ " မြိတ် "ဟုသမုတ်ခဲ့သည်။
လူဦးရေ
---------
မြိတ်သည်တနင်္သာရီတိုင်းတွင်
လူဦးရေအများဆုံးမြို့ဖြစ်ပြီး ၂၀၁၄သန်းခေါင်စာရင်းအရ
လူဦးရေ(၂၈၄၄၈၉) ဦးရှိကာ မြန်မာတစ်ပြည်လုံးတွင်
နံပါတ်(၁၀)မြောက် လူဦးရေအများဆုံးမြို့ဖြစ်သည်။
ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး
မြိတ်ခရိုင်တစ်ခုလုံးပေါင်းလူဦးရေမှာ ၇သိန်းကျော်ခန့်ရှိသည်။
လူမျိုးနှင့်ဘာသာတရားများ
----------------------------
ဗမာ၉မျိုးရှိသည့်အနက် မြိတ်လူမျိုးသည်လည်း
တစ်ခုအပါဝင်ဖြစ်သည်။စကားသံဝဲကြပြီး နားလည်ရန်မှာ
သိပ်မခက်ခဲပေ။
လူဦးရေ၏ ၉၀ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာများဖြစ်ကြပြီး
ကျန်၁၀ရာခိုင်နှုန်းမှာ ခရစ်ယာန်၊မွတ်စလင်နှင့်
ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။ထိုင်း၊တရုတ်နှင့်ရှမ်းလူမျိုး
အနည်းငယ် နေထိုင်သည်။
ဘာသာရေးအဓိကရုဏ်များဖြစ်လေ့ဖြစ်ထမရှိဘဲ
ဘာသာတရားလည်း လွန်စွာကိုင်းရှိုင်းရိုသေကြသည်။
နှစ်စဉ်နှစ်တိုင်း မိုးလေကင်းသော
ပွင့်လင်းရာသီရောက်သည်နှင့် ရပ်ကွက်တိုင်း
ရပ်ကွက်တိုင်းတွင် တရားဓမ္မပွဲများကျင်းပကြရာ
ဓမ္မကထိကများကပင် ချီးကျူးကြရသည်။
မြို့ဧရိယာ အကျယ်ဝန်း
------------------------
တနင်္သာရီတိုင်းတွင် အကျယ်ဝန်းဆုံးမြို့ဖြစ်ပြီး
ခရိုင်တစ်ခုလုံးအကျယ်ဝန်းမှာ (၇၇၈၃) စတုရန်းမိုင်ခန့်ရှိသည်။
မြန်မာနိုင်ငံတွင် မြို့ပေါင်း ၃၀၀ကျော်ရှိသည့်အနက်
ရန်ကုန်၊မန္တလေး၊မုံရွာနှင့်ပုသိမ်တို့ပြီးလျင်
မြိတ်သည် ပဉ္စမမြောက် အကျယ်ဝန်းဆုံးမြို့ဖြစ်သည်။
တက္ကသိုလ်များအဆင့်အတန်း
-------------------------------
မြန်မာပြည်တွင်
တက္ကသိုလ်ပေါင်း ၁၅၀ကျော်ရှိသည့်အနက်
၂၀၁၈စာရင်းအရ
မြိတ်နည်းပညာတက္ကသိုလ်မှာ တစ်နိုင်ငံလုံး
အဆင့်၁၄ (နည်းပညာတက္ကသိုလ်အားလုံးတွင် အဆင့်၆)
ဖြစ်ပြီး မြိတ်တက္ကသိုလ်မှာတစ်နိုင်ငံလုံး
အဆင့် ၄၈
( mainတက္ကသိုလ်အားလုံးထဲတွင် အဆင့်၅)ဖြစ်သည်။
မြိတ်နည်းပညာတက္ကသိုလ်မှာ တနင်္သာရီတိုင်းအဆင့်၁ဖြစ်ပြီး
မြိတ်တက္ကသိုလ်မှာ တိုင်းအဆင့်၃ဖြစ်သည်။
စီးပွားရေး
----------
စီးပွားအင်အားတောင့်တင်းသောမြို့တစ်မြို့ဖြစ်ပြီး
ခရီးသွားလုပ်ငန်း ရေလုပ်ငန်း ပုလဲလုပ်ငန်း
ငှက်သိုက်လုပ်ငန်းများမှာ
မြို့ပုံရိပ်လုပ်ငန်းများဖြစ်ကာ
အခြားလုပ်ငန်းများစွာလည်းရှိသည်။
နောက်ပိုင်းနှစ်များတွင် မြိတ်ကျွန်းစုအတွင်းရှိ
ကျွန်များသို့အလည်ပတ်များလာပြီး မြန်မာပြည်တွင်
လည်ပတ်စရာအကောင်းဆုံးနေရာများစာရင်း၌
ထည့်သွင်းဖော်ပြခြင်းခံရသည်။
ကမ္ဘာပေါ်တွင် အကောင်းဆုံးပုလဲဟုသတ်မှတ်ထားသော
ရွှေအိုရောင်ပုလဲကိုမြိတ်ကျွန်းစုမှရရှိနိုင်ပြီး တန်ဖိုးကြီးမားသော ဇီဝဇိုးငှက်သိုက်များကို မြိတ်ကမ်းနားတွင်
စီးပွားဖြစ်ရောင်းချလျက်ရှိသည်။
ထူးခြားချက်တစ်ချို့
-------------------
နိုင်ငံတွင်း တိုးတက်သည့်မြို့တစ်မြို့ဖြစ်ရာ မြို့အင်္ဂါရပ်နှင့်အညီ 3Dရုံများ ၊ supermarketကြီးများ၊ 3starအဆင့် hotelများ ၊ ကိုယ်ပိုင်ကျောင်းများ ၊ ကစားကွင်းများ၊
စီးပွားရေးဇုန်များ ၊သင်တန်း ကျောင်းနှင့်တက္ကသိုလ်များ
စသည်တို့စုံလင်စွာရှိလေသည်။
မြို့တွင်းmainလမ်းမကြီးတစ်လျှောက်
AAကတ္တရာများခင်းထားပြီး ရပ်ကွက်တွင်းလမ်းကြားများတွင်မူ ကွန်ကရစ်လောင်းထားသည်ကိုတွေ့နိုင်သည်။
တိုင်းဒေသကြီး၏ အရှည်ဆုံးတံတားကိုလည်း
မြို့အဝင်နားလောက်တွင်တွေ့နိုင်သည်
ဘုရားပုထိုးများစွာရှိပြီး
လှေစီး တောင်တက်ခြင်းကိုနှစ်သက်သူများအတွက်လည်း
အဆင်ပြေသည်။ကမ်းနားလမ်းတစ်လျှောက်
ဈေးဆိုင်တန်းများရှိပြီး ခရု၊ပုစွန်၊ကဏန်း၊ကင်းမွန်၊ကမာနှင့်
ငါးအမျိုးမျိုးစသော ပင်လယ်စာများကို ဝယ်ယူစားသုံးနိုင်သည်။
အဓိကလည်ပတ်ရန်မှာ မြိတ်ကျွန်းစုအတွင်းရှိ
ကျွန်းများဖြစ်သည်။ မြိတ်မြို့၏ နာမည်အကြီးဆုံး
ရိုးရာအစားအစာမှာ ကိုက်ကြေးကိုက်ဖြစ်သည်။
မြိတ်ကိုက်ကြေးကိုက် မြိတ်ငပိများကိုနိုင်ငံတွင်း
မြို့အများပြားတွင် ရောင်းချကြသည်။
ရာသီဥတု
----------
ပင်လယ်ရေ ပတ်ကာထားသောကြောင့်
အပူအအေးမျှတသည်။တောင်များလည်း ပတ်ကာဝန်းရံထားပြီး သဘာဝဘေးဆိုးဟူ၍ တစ်ကြိမ်တစ်ခါမျှပင် ကြုံခဲ့ဖူးခြင်းမရှိပါ။
ကာကွယ်ရေး
--------------
မှုခင်းမှုရာနည်းပါ၍ အစဉ်အားဖြင့်အေးချမ်းသည်။
တိုင်းစစ်ဌာနချုပ်တည်ရှိရာမြို့ဖြစ်ပြီး
၁၉၉၉ မြန်မာ-ထိုင်း နယ်စပ်အရေးခင်းတွင်
တိုက်က်ခိုက်အောက်မြင်ခဲ့သော တပ်ဖွဲ့များအခြေချထားသည်။
လေတပ်စခန်းဌာနချုပ်။
ရေတပ်စခန်းဌာနချုပ်တို့ပါတည်ရှိပါသည်...
အနုပညာရှင်များ
------------------
မြိတ်မြို့မှ နိုင်ငံကျော်အနုပညာရှင်များစွာ
ထွက်ပေါ်ခဲ့သည်။ သိရမှတ်ရသလောက်အနုပညာရှင်များမှာ
၁။ အကယ်ဒမီ လွင်မိုး(ရုပ်ရှင်သရုပ်ဆောင်)
၂။ အကယ်ဒမီ မေသန်းနု(ရုပ်ရှင်သရုပ်ဆောင်)
၃။ ဇူးဇူးမောင်(ရုပ်ရှင်သရုပ်ဆောင် ၊ မေသန်းနု၏တူမ )
၄။ X-box ( အဆိုတော် )
၅။နီတာ(အဆိုတော်)
၆။အောင်နိုင်(အဆိုတော်)
၇။မောင်သီ(ဒါရိုက်တာ)
၈။မြိတ်တင်အောင်(ဒါရိုက်တာ)
၉။တင်စိုး(ဒါရိုက်တာ)
တို့ဖြစ်ပြီး
အခြားအနုပညာရှင်နှင့် modelများစွာပေါ်ပေါက်ခဲ့သည်။
ပို့ဆောင်ဆက်သွယ်ရေး
-------------------------
မြိတ်မြို့သို့ ကုန်းရေလေ လမ်းကြောင်း၃မျိုးစလုံးဖြင့်
လာရောက်နိုင်သည်။မြိတ်မြို့မှရန်ကုန်သို့
နေ့စဉ်လေကြောင်းလိုင်းများ expressကားလိုင်းများ
အသွားအပြန်ရှိပြီး
ကြယ်ငါးပွင့်အဆင့်ရှိသဘောင်္များ အမြန်ယာဉ်များဖြင့်လည်း လာရောက်နိုင်သည်။
ရန်ကုန်နှင့် ၅၅၀မိုင်ကွာဝေးပြီး
ရန်ကုန်မှ လေကြောင်းဖြင့်လာပါက လေကြောင်းလိုင်းပေါ်
မူတည်၍ ၁နာရီမှ၂နာခန့်သာကြာမြင့်သည်။
ကားဖြင့်လာပါက နာရီ၂၀ကျော်ခန့်ကြာမြင့်သည်။
အနှစ်ချုပ်
---------
မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း၈၀၀ကျော်ရှိသည့်အနက်
မြိတ်မြို့သည် တစ်ခုအပါဝင်ဖြစ်သည်။
ခရိုင်းရုံးနှင့်တိုင်းစစ်ဌာနချုပ်တို့ အခြေချထားပြီး
တိုင်း
စီးပွားရေးမြို့တော်ဖြစ်သည်။ မြန်မာပြည်တွင်
ဒသမမြောက်လူဦးရေအများဆုံးမြို့ဖြစ်ပြီး
ပဉ္စမမြောက်အကျယ်ဝန်းဆုံးမြို့ဖြစ်သည်။
မန္တလေးပြီးလျင် မော်တော်ဆိုင်ကယ်အများဆုံးမြို့ဖြစ်သည်။
တက္ကသိုလ်အဆင့်တန်းများမှာလည်း အထိုက်လျောက်ရှိပြီး သွားလာရေးလွယ်ကူသော မြို့တစ်မြို့ဖြစ်သည်။
ခရီးသွားလုပ်ငန်းသည်လည်း တိုးတက်လျက်ရှိရာ
မိတ်ဆွေများအနေဖြင့်
တစ်ကြိမ်တစ်ခါခန့်လာရောက်ခဲ့ပါရန်
လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
Crd.
(News of Myeik)
0 comments:
Post a Comment